Saturday, November 26, 2011

ဗီဇာ ကိစ္စ

နိုင်ငံတစ်ခုကို တခြားနိုင်ငံက နိုင်ငံသား တစ်ယောက် ၀င်တော့မယ်ဆိုရင် နိုင်ငံနဲ့ သက်ဆိုင်တဲ့ လူဝင်မှုကြီးကြပ်ရေးဌာန က သူတို့နိုင်ငံကို ၀င်ရောက်နိုင်ရန်အတွက် ဗီဇာ ထုတ်ပေးလေ့ရှိပါတယ်။ ပုံမှန်အတိုင်းဆိုရင် ခရီးမသွားခင် ကြိုတင်လျှောက်ထားရပြီးတော့ ဗီဇာရမှသာ သွားလိုတဲ့နိုင်ငံကို ၀င်ခွင့် ရမှာဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ အိန္ဒိယနိုင်ငံ၊ မကာအို၊ ကမ္ဘောဒီးယား၊ လာအို၊ အင်ဒိုနီးရှား နဲ့ ဖိလစ်ပိုင် တို့ကို အလည်ပတ်သဘောနဲ့သွားမယ်ဆိုရင် လေဆိပ်မှာ ဆိုက်ရောက်ဗီဇာ ပေးတဲ့အတွက် ကြိုတင်လျှောက်ထားစရာမလိုပါဘူး။ မိမိသွားမယ့် နိုင်ငံရဲ့ ဗီဇာ နဲ့ ပတ်သက်တဲ့အချက်အလက်များကိုတော့ ခရီးသွားလုပ်ငန်း တွေအပြင်၊ အဲ့ဒီနိုင်ငံတွေရဲ့ သံရုံးတွေနဲ့ ကြိုတင် မေးမြန်းထားသင့်ပါတယ်။ စင်္ကာပူ၊ ဒူဘိုင်း၊ ကာတာ နိုင်ငံတွေကတော့ Online ကလျှောက်တဲ့ e-visa ကို ခွင့်ပြုထားတဲ့အတွက် passport ပေါ်မှာ ကပ်တဲ့ ဗီဇာမျိုးမလိုပါဘူး။ အခြားနိုင်ငံတွေကတော့ passport ထဲမှာ ဗီဇာကို ကပ်ပေးလေ့ရှိပါတယ်။ စင်္ကာပူဗီဇာကိုတော့ နှစ်မျိုးလုံး ပြုလုပ်နိုင်ပါတယ်။
ဟောင်ကောင် နိုင်ငံကိုသွားမယ်ဆိုရင်တော့ ရန်ကုန်မှာရှိတဲ့ တရုတ်နိုင်ငံ သံရုံးမှာလျှောက်ထားနိုင်ပြီးတော့ မကာအိုကိုသွားမယ်ဆိုရင်တော့ ဆိုက်ရောက်ဗီဇာ ရရှိနိုင်ပါတယ်။
ဥရောပနိုင်ငံအချို့ကိုသွားမယ်ဆို shengen ဗီဇာကို ယူရပြီးတော့  အဲ့ဒီဗီဇာ တစ်ခုထဲနဲ့ ပြင်သစ်၊ ဂျာမနီ၊ သြစတြီးယား၊ ဆွစ်ဇာလန်၊ အီတလီ၊ ဘယ်လ်ဂျီယံ၊ ချက်၊ ဒိန်းမတ်၊ အက်စ်တိုးနီးယား၊ ဖင်လန်၊ ဂရိ၊ ဟန်ဂေရီ၊ အိုက်စ်လန်၊ လက်တ်ဗီးယား၊ လစ်သူးနီးယား၊ လက်စ်ဆမ်ဘတ်၊ မော်လ်တာ၊ နယ်သာလန်၊ နော်ဝေး၊ ပိုလန်၊ ပေါ်တူဂီ၊ ဆလို ဗက် ကီးယား၊ ဆလိုဗေးနီးယား၊ စပိန် နဲ့ ဆွီဒင် နိုင်ငံတွေကို သွားနိုင်ပါတယ်။ Shengen ဗီဇာလျှောက်မယ်ဆိုရင်တော့ ရန်ကုန်မှာ ရှိတဲ့ အထက်ဖော်ပြပါ နိုင်ငံများထဲက သံရုံးတစ်ခုခု မှာ လျှောက်လို့ရပါတယ်။ အလည်အပတ်သွားမယ်ဆိုရင်တော့ သိပ်အခက်အခဲမရှိပေမယ့် အလုပ်ကိစ္စ နဲ့ ကျောင်းအတွက်သွားမယ်ဆိုရင် တော့၊ ရန်ကုန်မှာ သံရုံးမရှိတဲ့ နိုင်ငံတွေဆိုရင် သံရုံရှိတဲ့ ထိုင်း၊ စင်္ကာပူ နဲ့ တရုတ်နိုင်ငံတို့မှာ သွားလျှောက်ရနိုင်ပါတယ်။  ဥရောပနိုင်ငံများဖြစ်ပေမယ့် အိုင်ယာလန် နဲ့ အင်္ဂလန်နိုင်ငံသွားမယ်ဆိုရင်တော့ အင်္ဂလန် သံရုံးမှာ ဗီဇာ သပ်သပ် လျှောက်ရပါမယ်။
Shengen ဗီဇာလိုပဲ တစ်ခုထဲနဲ့ အခြားနိုင်ငံတွေလဲသွားလို့ရတဲ့အခြားဗီဇာတွေလဲရှိပါတယ်။ နိုင်ငံအချင်းချင်း ရှိတဲ့ သဘောတူညီမှုပေါ်မူတည်ပြီး Central American Single Visa, East African Single Tourist Visa, SADC Univisa  စတဲ့ ဗီဇာ တွေလည်း ရှိပါတယ်။ ကျွန်တော်တို့ ASEAN ကလည်း အဲ့ဒီလို ဗီဇာမျိုး ရရှိနိုင်ဖို့ ကြိုးစားနေပါတယ်။
ဗီဇာလျှောက်တဲ့အခါမှာလိုအပ်တဲ့ အရာတွေကိုတော့ နိုင်ငံအလိုက် နောက် post များမှာ ကျွန်တော် လက်လှမ်းမှီသလောက် ဆက်လက် ဖော်ပြပေးပါမယ်။
ဗီဇာ အမျိုးအစား ခွဲထားပါတယ်။
၁) Transit ဗီဇာ ( လေယဉ်ခရီးစဉ်အရ လမ်းမှာတထောက်နားရင်း နိုင်ငံထဲကို ခဏ၀င်ရောက်ရမယ့် သူတွေအတွက်ဖြစ်ပါတယ်)
၂) Tourist ဗီဇာ ( နိုင်ငံတစ်ခုကို အလည်အပတ်သဘောအားဖြင့် သွားမည့်သူများအတွက်ဖြစ်ပါတယ်)
ဒီမှာ ဘယ်နှခေါက်ဝင်လို့ရတာ ဆိုတာလဲ ရှိသေးတယ်။ single entry, double entry, multiple journey ဆိုပြီးခွဲထားပါသေးတယ်။ ထိုင်းတို့ မလေးရှားတို့ ဆိုရင် single နဲ့ double  ကိုယ်လိုအပ်သ လိုပြောပြီးလျှောက်နိုင်ပါတယ်။ စင်္ကာပူကကျတော့ mulple journey ပဲပေးလေ့ရှိပါတယ်။ သူပေးထားတဲ့ ကာလအတွင်းမှာ အကြိမ်ကြိမ် ၀င်ထွက် နိုင်ပါတယ်။
၃) Employment/ Job ဗီဇာ (အလုပ်အကိုင်အတွက် အခြားနိုင်ငံသို့ သွားမည့်သူများအတွက်ဖြစ်ပါတယ်)
၎) Student ဗီဇာ (ပညာတော်သင် များအတွက် ဖြစ်ပါတယ်)
ဒီ့အပြင် အခြား အထူးဗီဇာများလည့် နိုင်ငံအလိုက်ရှိတတ်ပါတယ်။ Migrant Visa (အိမ်ထောင်ပြောင်းဗီဇာ)၊ Pilgrimage Visa (ဘုရားဖူးများအတွက်) အပြင် အခြား အထူးဗီဇာများလည်း နိုင်ငံအလိုက် ရှိတတ်ပါတယ်။
ဗီဇာတွေမှာပါလေ့ရှိတာကတော့
၁-၂) ကိုယ့်နာမည်နဲ့ ဗီဇာပေါ်မှာ ရေးထားတဲ့နာမည်နဲ့ တူရဲ့လား။
၃) ကိုယ်လျှောက်ချင်တဲ့ ဗီဇာ အမျိုးအစား နဲ့ ရတဲ့ဗီဇာနဲ့ တူလား။passport နံပါတ် ကော တူရဲ့လား
၎) ဘယ်နေ့ကထုတ်တာလဲ
၅) ဘယ်နေ့ နောက်ဆုံးသုံးရမှာလဲ
 (အထူးသဖြင့် ဥရောပ နိုင်ငံတွေမှာတွေ့ရတာက ဗီဇာသက်တမ်း ဘယ်နေ့ ကနေ ဘယ်နေ့အတွင်း အဲ့ဒီနေ့အတွင်းမဟုတ်ရင် အဲ့ဒီဗီဇာ သုံးလို့မရပါဘူး။)
၆) သူတို့ နိုင်ငံထဲကို ဘယ်နှခါ ၀င်လို့ရလဲ
၇) passport နံပါတ်က ကိုယ့် passport နံပါတ်နဲ့ ကိုက်ရဲ့လား
ဟိုဘက်နိုင်ငံကလေဆိပ်ရောက်မှ ဗီဇာ ပေါ်မှာ ရေးထားတဲ့အချက် အလက်တွေ မှားနေတဲ့အတွက် ပြန်လွှတ်ခံရတဲ့ ဧည့်သည်  တွေ တွေ့ဖူးပါတယ်။ သူတို့ဘက်က မှားတာဖြစ်ပေမယ့် ကိုယ် ဒုက္ခရောက်မှာက အရင်လေ။
အဲ့ဒီတော့ ဒါတွေကိုလဲ သံရုံးကနေ ပြန်မထွက်လာမီ တစ်ခေါက်ပြန်စစ်သင့်ပါတယ်။
တကယ်တမ်း ဗီဇာကိစ္စ ပြောရမယ်ဆို အရမ်းကျယ်ပြန့်လှတဲ့အတွက် အခြေခံ သိသင့်တာလေးတွေကို ပဲ ပြန် share လိုက်ပါတယ်။

1 comment: