Saturday, December 3, 2011

တစ်ခေါက်ပြန်စစ်ပါဦး

ဗီဇာလဲ ရသွားပြီဆိုတော့ ခရီးထွက်ဖို့ပြင်ဆင်ကြမယ်ဆိုရင် ဟောဒီ အချက်လေးတွေကို တစ်ခေါက်ပြန်စစ်သင့်ပါတယ်။
၁။ ဘယ်နေရာတွေသွားလည်မလဲ
မိမိ ခရီးသွားမယ့် ရက်ကြာချိန်အတွင်းမှာ သွားလည်ချင်တဲ့နေရာတွေ အကုန် နှံ့ပါ့မလား။ 
၂။ ဗီဇာ နဲ့ ကာကွယ်ဆေးထိုးဖို့ ကိစ္စ
ဗီဇာကတော့ရပါပြီ ဟိုမှာသွားလည်ရင်း ကူးဆက်နိုင်တဲ့ ရောဂါတွေအတွက် ကာကွယ်ဆေး ထိုးသွားသင့်သလား။
၃။ နိုင်ငံကူးလက်မှတ်
ဖြစ်နိုင်ရင်တော့ မိတ္တူ နှစ်စုံကူးပြီး တစ်စုံ ကို အိမ်မှာချန်ထားခဲ့၊ နောက်တစ်စုံက ခရီးသွားရင်း ဟိုနားဒီနားသွားရင် ကိုယ်နဲ့မကွာ ဆောင်ထားဖို့ပါ။ မူရင်းကိုတော့ မမေ့နဲ့ပေါ့။
၎။ အ၀တ်အစား
ဟိုနိုင်ငံရဲ့ ရာသီဥတု၊ ယဉ်ကျေးမှုနဲ့ ကိုယ့်အ၀တ်အစားတွေက အဆင်ပြေပါ့မလား။ ကျွန်တော် ဖတ်ဘူးတာတော့ အ၀တ်အစားကို နဲနဲပဲ ယူပြီး ငွေကိုတော့  ၂ ဆ ယူသွားသင့်တယ်ဆိုပဲ။
၅။အစားအသောက်
အထူးသဖြင့် ကျွန်တော်တို့ မြန်မာတွေ အာရှထဲမှာ ခရီးသွားရင် ကိစ္စသိပ်မရှိပေမယ့်၊ အနောက်နိုင်ငံသွားမယ်ဆိုရင်တော့ ငပိကျော်လေး၊ ဘာလချောင်ကျော်လေးတော့ ဆောင်ထားနိုင်မှ စားရသောက်ရ အဆင်ပြေမယ်နော်။
ဒါတွေအားလုံးကို ကိုယ်သွားမယ့် နိုင်ငံ က ခရီးသွားလာရေးလုပ်ငန်းတွေက website တွေမှာ www.google.com ကတစဆင့် သွားရောက်လေ့ လာနိုင်သလို ပို စိတ်ချရပြီး တစ်နေရာ ထည်းမှာ အဓိက အချက်တွေ  လေ့လာ လို့ရတဲ့ website ကတော့ <http://www.iatatravelcentre.com> မှာပါ။ ကမ္ဘာ့ လေကြောင်းခရီးသွားလုပ်ငန်း အဖွဲ့ချုပ်က website ဖြစ်ပါတယ်။

Saturday, November 26, 2011

ဗီဇာ ကိစ္စ

နိုင်ငံတစ်ခုကို တခြားနိုင်ငံက နိုင်ငံသား တစ်ယောက် ၀င်တော့မယ်ဆိုရင် နိုင်ငံနဲ့ သက်ဆိုင်တဲ့ လူဝင်မှုကြီးကြပ်ရေးဌာန က သူတို့နိုင်ငံကို ၀င်ရောက်နိုင်ရန်အတွက် ဗီဇာ ထုတ်ပေးလေ့ရှိပါတယ်။ ပုံမှန်အတိုင်းဆိုရင် ခရီးမသွားခင် ကြိုတင်လျှောက်ထားရပြီးတော့ ဗီဇာရမှသာ သွားလိုတဲ့နိုင်ငံကို ၀င်ခွင့် ရမှာဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ အိန္ဒိယနိုင်ငံ၊ မကာအို၊ ကမ္ဘောဒီးယား၊ လာအို၊ အင်ဒိုနီးရှား နဲ့ ဖိလစ်ပိုင် တို့ကို အလည်ပတ်သဘောနဲ့သွားမယ်ဆိုရင် လေဆိပ်မှာ ဆိုက်ရောက်ဗီဇာ ပေးတဲ့အတွက် ကြိုတင်လျှောက်ထားစရာမလိုပါဘူး။ မိမိသွားမယ့် နိုင်ငံရဲ့ ဗီဇာ နဲ့ ပတ်သက်တဲ့အချက်အလက်များကိုတော့ ခရီးသွားလုပ်ငန်း တွေအပြင်၊ အဲ့ဒီနိုင်ငံတွေရဲ့ သံရုံးတွေနဲ့ ကြိုတင် မေးမြန်းထားသင့်ပါတယ်။ စင်္ကာပူ၊ ဒူဘိုင်း၊ ကာတာ နိုင်ငံတွေကတော့ Online ကလျှောက်တဲ့ e-visa ကို ခွင့်ပြုထားတဲ့အတွက် passport ပေါ်မှာ ကပ်တဲ့ ဗီဇာမျိုးမလိုပါဘူး။ အခြားနိုင်ငံတွေကတော့ passport ထဲမှာ ဗီဇာကို ကပ်ပေးလေ့ရှိပါတယ်။ စင်္ကာပူဗီဇာကိုတော့ နှစ်မျိုးလုံး ပြုလုပ်နိုင်ပါတယ်။
ဟောင်ကောင် နိုင်ငံကိုသွားမယ်ဆိုရင်တော့ ရန်ကုန်မှာရှိတဲ့ တရုတ်နိုင်ငံ သံရုံးမှာလျှောက်ထားနိုင်ပြီးတော့ မကာအိုကိုသွားမယ်ဆိုရင်တော့ ဆိုက်ရောက်ဗီဇာ ရရှိနိုင်ပါတယ်။
ဥရောပနိုင်ငံအချို့ကိုသွားမယ်ဆို shengen ဗီဇာကို ယူရပြီးတော့  အဲ့ဒီဗီဇာ တစ်ခုထဲနဲ့ ပြင်သစ်၊ ဂျာမနီ၊ သြစတြီးယား၊ ဆွစ်ဇာလန်၊ အီတလီ၊ ဘယ်လ်ဂျီယံ၊ ချက်၊ ဒိန်းမတ်၊ အက်စ်တိုးနီးယား၊ ဖင်လန်၊ ဂရိ၊ ဟန်ဂေရီ၊ အိုက်စ်လန်၊ လက်တ်ဗီးယား၊ လစ်သူးနီးယား၊ လက်စ်ဆမ်ဘတ်၊ မော်လ်တာ၊ နယ်သာလန်၊ နော်ဝေး၊ ပိုလန်၊ ပေါ်တူဂီ၊ ဆလို ဗက် ကီးယား၊ ဆလိုဗေးနီးယား၊ စပိန် နဲ့ ဆွီဒင် နိုင်ငံတွေကို သွားနိုင်ပါတယ်။ Shengen ဗီဇာလျှောက်မယ်ဆိုရင်တော့ ရန်ကုန်မှာ ရှိတဲ့ အထက်ဖော်ပြပါ နိုင်ငံများထဲက သံရုံးတစ်ခုခု မှာ လျှောက်လို့ရပါတယ်။ အလည်အပတ်သွားမယ်ဆိုရင်တော့ သိပ်အခက်အခဲမရှိပေမယ့် အလုပ်ကိစ္စ နဲ့ ကျောင်းအတွက်သွားမယ်ဆိုရင် တော့၊ ရန်ကုန်မှာ သံရုံးမရှိတဲ့ နိုင်ငံတွေဆိုရင် သံရုံရှိတဲ့ ထိုင်း၊ စင်္ကာပူ နဲ့ တရုတ်နိုင်ငံတို့မှာ သွားလျှောက်ရနိုင်ပါတယ်။  ဥရောပနိုင်ငံများဖြစ်ပေမယ့် အိုင်ယာလန် နဲ့ အင်္ဂလန်နိုင်ငံသွားမယ်ဆိုရင်တော့ အင်္ဂလန် သံရုံးမှာ ဗီဇာ သပ်သပ် လျှောက်ရပါမယ်။
Shengen ဗီဇာလိုပဲ တစ်ခုထဲနဲ့ အခြားနိုင်ငံတွေလဲသွားလို့ရတဲ့အခြားဗီဇာတွေလဲရှိပါတယ်။ နိုင်ငံအချင်းချင်း ရှိတဲ့ သဘောတူညီမှုပေါ်မူတည်ပြီး Central American Single Visa, East African Single Tourist Visa, SADC Univisa  စတဲ့ ဗီဇာ တွေလည်း ရှိပါတယ်။ ကျွန်တော်တို့ ASEAN ကလည်း အဲ့ဒီလို ဗီဇာမျိုး ရရှိနိုင်ဖို့ ကြိုးစားနေပါတယ်။
ဗီဇာလျှောက်တဲ့အခါမှာလိုအပ်တဲ့ အရာတွေကိုတော့ နိုင်ငံအလိုက် နောက် post များမှာ ကျွန်တော် လက်လှမ်းမှီသလောက် ဆက်လက် ဖော်ပြပေးပါမယ်။
ဗီဇာ အမျိုးအစား ခွဲထားပါတယ်။
၁) Transit ဗီဇာ ( လေယဉ်ခရီးစဉ်အရ လမ်းမှာတထောက်နားရင်း နိုင်ငံထဲကို ခဏ၀င်ရောက်ရမယ့် သူတွေအတွက်ဖြစ်ပါတယ်)
၂) Tourist ဗီဇာ ( နိုင်ငံတစ်ခုကို အလည်အပတ်သဘောအားဖြင့် သွားမည့်သူများအတွက်ဖြစ်ပါတယ်)
ဒီမှာ ဘယ်နှခေါက်ဝင်လို့ရတာ ဆိုတာလဲ ရှိသေးတယ်။ single entry, double entry, multiple journey ဆိုပြီးခွဲထားပါသေးတယ်။ ထိုင်းတို့ မလေးရှားတို့ ဆိုရင် single နဲ့ double  ကိုယ်လိုအပ်သ လိုပြောပြီးလျှောက်နိုင်ပါတယ်။ စင်္ကာပူကကျတော့ mulple journey ပဲပေးလေ့ရှိပါတယ်။ သူပေးထားတဲ့ ကာလအတွင်းမှာ အကြိမ်ကြိမ် ၀င်ထွက် နိုင်ပါတယ်။
၃) Employment/ Job ဗီဇာ (အလုပ်အကိုင်အတွက် အခြားနိုင်ငံသို့ သွားမည့်သူများအတွက်ဖြစ်ပါတယ်)
၎) Student ဗီဇာ (ပညာတော်သင် များအတွက် ဖြစ်ပါတယ်)
ဒီ့အပြင် အခြား အထူးဗီဇာများလည့် နိုင်ငံအလိုက်ရှိတတ်ပါတယ်။ Migrant Visa (အိမ်ထောင်ပြောင်းဗီဇာ)၊ Pilgrimage Visa (ဘုရားဖူးများအတွက်) အပြင် အခြား အထူးဗီဇာများလည်း နိုင်ငံအလိုက် ရှိတတ်ပါတယ်။
ဗီဇာတွေမှာပါလေ့ရှိတာကတော့
၁-၂) ကိုယ့်နာမည်နဲ့ ဗီဇာပေါ်မှာ ရေးထားတဲ့နာမည်နဲ့ တူရဲ့လား။
၃) ကိုယ်လျှောက်ချင်တဲ့ ဗီဇာ အမျိုးအစား နဲ့ ရတဲ့ဗီဇာနဲ့ တူလား။passport နံပါတ် ကော တူရဲ့လား
၎) ဘယ်နေ့ကထုတ်တာလဲ
၅) ဘယ်နေ့ နောက်ဆုံးသုံးရမှာလဲ
 (အထူးသဖြင့် ဥရောပ နိုင်ငံတွေမှာတွေ့ရတာက ဗီဇာသက်တမ်း ဘယ်နေ့ ကနေ ဘယ်နေ့အတွင်း အဲ့ဒီနေ့အတွင်းမဟုတ်ရင် အဲ့ဒီဗီဇာ သုံးလို့မရပါဘူး။)
၆) သူတို့ နိုင်ငံထဲကို ဘယ်နှခါ ၀င်လို့ရလဲ
၇) passport နံပါတ်က ကိုယ့် passport နံပါတ်နဲ့ ကိုက်ရဲ့လား
ဟိုဘက်နိုင်ငံကလေဆိပ်ရောက်မှ ဗီဇာ ပေါ်မှာ ရေးထားတဲ့အချက် အလက်တွေ မှားနေတဲ့အတွက် ပြန်လွှတ်ခံရတဲ့ ဧည့်သည်  တွေ တွေ့ဖူးပါတယ်။ သူတို့ဘက်က မှားတာဖြစ်ပေမယ့် ကိုယ် ဒုက္ခရောက်မှာက အရင်လေ။
အဲ့ဒီတော့ ဒါတွေကိုလဲ သံရုံးကနေ ပြန်မထွက်လာမီ တစ်ခေါက်ပြန်စစ်သင့်ပါတယ်။
တကယ်တမ်း ဗီဇာကိစ္စ ပြောရမယ်ဆို အရမ်းကျယ်ပြန့်လှတဲ့အတွက် အခြေခံ သိသင့်တာလေးတွေကို ပဲ ပြန် share လိုက်ပါတယ်။

Friday, November 25, 2011

ကမ္ဘာတလွှား ပွဲတော်များ




ခရီးသွားတော့မယ်ဆို ကိုယ်သွားမယ့်နိုင်ငံရဲ့ နေ့ထူးနေ့မြတ်တွေ ပွဲတော်ရက်တွေကိုလဲ သိရှိလေ့လာ ထားသင့်ပါတယ်။ (http://bit.ly/btyIs) မှာ သွားကြည့်နိုင်ပါတယ်။ ကွမ်ကျိုး၊ မကာအို၊ ဟောင်ကောင်၊ စင်္ကာပူ တို့လို နိုင်ငံတွေမှာဆို ပွဲတော်ရက်တို့၊ အားလပ်ရက်တို့ မှာ ဟော်တယ်ဈေးတွေက 30% ကနေ 100% လောက်ထိ ပိုပေးရတာတွေရှိတတ်ပါတယ်။ ဒါတွေကို လေ့လာထားခြင်းအားဖြင့် ၀ါသနာပါရင် ၀င်ရောက်ဆင်နွဲ လိုက်နိုင်ပါတယ်။
အိမ်နီးချင်းနိုင်ငံ ဖြစ်တဲ့ ထိုင်းနိုင်ငံမှာဆို Songkran လို့ခေါ်တဲ့ သင်္ကြန်ပွဲ၊ စင်္ကာပူမှာဆို F1 (Formula One) လို့ခေါ်တဲ့ ကားပြိုင်ပွဲ၊ မလေးရှားနိုင်ငံမှာဆို Motor GP လို့ခေါ်တဲ့ ဆိုင်ကယ်ပြိုင်ပွဲ တွေက နာမည်ကြီးပါတယ်။ ကိုယ်ရောက်သွားမယ့်အချိန်က သူတို့ ပွဲတော်ရက်တွေနဲ့ တိုက်ဆိုင်နေရင်တော့ ဟိုတယ်အခန်းကို ကြိုတင် စီစဉ်ထားသင့်ပါတယ်။ ဥပမာအားဖြင့် တန်ဆောင်တိုင်ပွဲတော်အတွင်း တောင်ကြီးသွားမယ်ဆို ဟိုတယ်ရဖို့ ခက်ခဲသလိုပါပဲ။
(http://bit.ly/bQrJSn) မှာသွားကြည့်မယ် ဆိုရင်လဲ ကမ္ဘာအနှံ့ရှိနိုင်ငံတွေမှာ ပြုလုပ်ဖို့ ရှိနေတဲ့ ပွဲတော်တွေ၊ ပြပွဲတွေ၊ တွေ့ဆုံဆွေးနွေးပွဲတွေ၊ နှီးနှောဖလှယ်ပွဲတွေ ရဲ့ ကျင်းပမယ့်ရက်တွေကို ပြက္ခဒိန်နဲ့တကွ တွေ့ရှိလေ့လာနိုင်ပါတယ်။ ဈေးဝယ်ထွက်မယ်ဆိုရင်လဲ ဘယ်လတွေမှာ discount တွေလုပ်တတ်တယ်ဆိုတာတွေလဲ လေ့လာထားရင်တော့ ဈေးဝယ်ထွက်လို့ကောင်းတဲ့အချိန်ကို ချိန်ပြီးသွားလို့ရတာပေါ့။
ပြင်သစ်နိုင်ငံက ဧည့်သည်တစ်ယောက်နဲ့ တွေ့ဖူးပါတယ်။ သူကတော့ နောက်တခေါက်သူ့ အမျိုးသမီးကို ခေါ်လာတဲ့အချိန်မှာ ခရီးစဉ်ကို စီစဉ်ပေးဖို့ ကျွန်တော်နဲ့ လာဆွေးနွေးတာပါ။ သူ့ရဲ့ စာရွက်ထဲမှာရေးထားတာကို ကျွန်တော် ကြည့်လိုက်တော့ မြန်မာပြည်မှာ ဘယ်နေ့မှာ ဘာ ပွဲတော် ရှိတယ်ဆိုတာ စုံစုံ လင်လင် ရေးထားတာ တွေ့ရပါတယ်။ သူ နောက်တခေါက် လာမယ့် ရက်တွေအတွင်း ဘယ်နေ့မှာ ဖောင်တော်ဦး ပွဲတော်၊ ကျောက်ဆည် ဆင်ကပွဲ၊ ပုဂံက ဘုရားပွဲ တွေ သေချာ ချရေးထားပြီးတော့ ဘယ်နေ့ကို ဘယ်မှာ လည်ချင်တယ်ဆိုပြီး ပြောပါတယ်။ ကျွန်တော့်စိတ်ထဲမှာတော့ ဒီလူ ကိုယ့်ထက်တောင် ပိုသိနေတယ်ပါလား လို့တောင် ထင်မိပါတယ်။
အဲ့ဒီတော့ ကျွန်တော်ပြောချင်တာကတော့ မိမိသွားမယ့် နိုင်ငံတွေရဲ့ အထင်ကရပွဲတော်တွေနဲ့ နေ့ထူးနေ့မြတ်တွေကို လေ့လာထားခြင်းအားဖြင့် ခရီးသွားတဲ့အချိန်အတွင်းမှာ ကိုယ်ဆင်နွဲသင့်တဲ့ အရာတွေကို လက်မလွှတ်တော့်ဘူးပေါ့။

Monday, November 21, 2011

ဘယ်နိုင်ငံသွားလည်ကြမလဲ ???




Passport လည်း အဆင်သင့်ရှိနေပြီဆိုတော့ ဘယ်နိုင်ငံသွားလည်မလဲ ဆိုတာ စဉ်းစားရတော့မှာပေါ့။ ဒီနေရာမှာ ပထမဆုံးစဉ်းစားရမှာက ကိုယ် ဘာတွေ ကြည့်ချင်လဲ၊ ဘယ်လို အတွေ့အကြုံမျိုး လိုချင်လဲ၊ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ဗီဇာ ရဖို့ လွယ်မလား၊ ပြီးတော့ ဘတ်ဂျက် ကို ဘယ်  လောက် သုံးမလဲ ဆိုတဲ့အချက် ပါပဲ။ နိုင်ငံတိုင်းမှာ သူ့နေရာနဲ့သူ တမူထူးခြားပြီး စိတ်ဝင်စားဖွယ် ကောင်းတဲ့ အချက်လေးတွေ ရှိ  တတ် ပါတယ်။ (http://www.informationisbeautiful.net/visualizations/because-every-country-is-the-best-at-something/) မှာသွားရောက်လေ့လာ နိုင်ပါတယ်။ ဥပမာ ဈေးဝယ်ဖို့သွားမယ်ဆိုရင်တော့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံ၊ စင်္ကာပူ၊ မလေးရှား၊ ဟောင်ကောင် တို့ကိုသွားသင့်ပြီးတော့ ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်တွေ ကို လေ့လာမယ်ဆို ကမ္ဘောဒီယား၊ တရုတ်ပြည်၊ ပြီးတော့ ဘုရားဖူးမယ်ဆိုရင်တော့ ထိုင်း၊ အိန္ဒိယ၊ နီပေါ၊ ခရစ်ယာန်တွေအတွက်ဆို အီဂျစ်၊ အစ္စရေး ဂျော်ဒန်၊ တူရကီ၊ မူစလင်ဘာသာဝင်များ အတွက်ဆို  ဆော်ဒီ နဲ့ အရှေအလယ်ပိုင်းကနိုင်ငံတွေကို စဉ်းစားသင့်ပါတယ်။ ဗီယက်နမ်၊ အင်ဒိုနီးရှား နဲ့ ဖိလစ်ပိုင် နိုင်ငံတွေကတော့ သဘာဝကပေးတဲ့ အလှအပတွေ ကြည့်ရှုမကုန်အောင်ဖြစ်နေပြီးတော့ ဂျပန် နဲ့ ကိုရီးယား နိုင်ငံတွေကလဲ ခေတ်ရှေ့ပြေးတဲ့ နည်းပညာရယ် သဘာဝ အလှတရားတွေကို ပေါင်းစပ်ထားတာ တွေ့ကြုံခံစားကြရမှာပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလဲ ကိုယ့် အလှနဲ့ ကိုယ်ရှိနေသလို တခြားနိုင်ငံတွေတိုင်းမှာလဲ သူတို့အလှနဲ့သူတို့ရှိ နေသလို ပေါ့။

နောက်တခုအရေးကြီးတာက လူတွေ။ အာရှသားတွေကတော့ ခင်မင်ဖို့ကောင်းပါတယ်။ ကျွန်တော် ကြိုက်တာကတော့ ဖိလစ်ပိုင် လူမျိုးတွေပဲ။ လိုင်းကားပေါ် မှာတောင် ဘေးကလူနဲ့ မိတ်ဖွဲ့ဖို့ ၀န်မလေး တတ် ကြ ဘူး။ တခြားအာရှသားတွေကတော့ ကျွန်တော် တို့ မြန်မာနိုင်ငံသားတွေလို ပုံမှန်ပါပဲ။ အနောက် တိုင်းရောက်သွားရင်တော့ ကွာ သွားတယ်။ ၀န်ဆောင်မှုပေးနေတဲ့ လူတွေကအစ ပျူပျူငှာငှာ မရှိတာတွေ၊ ဧည့်ဝတ် မကျေသလိုဖြစ်တာတွေ၊ ဆက်ဆံရေးမကောင်း တာတွေကို တွေ့ရမှာပါ။ ဒါပေမယ့်လည်း ဒါတွေကို အတွေ့အကြုံအရတော့ သွားကြည့် ခံစားသင့်ပါတယ်။ တခါတလေကျတော့လဲ ဘာသာစကား အခက်အခဲ အရ စကားမပြောရဲလို့ မပြောဖြစ်တာတွေလဲရှိတတ်ပါတယ်။ နိုင်ငံအလိုက် သူတို့ရဲ့ ယဉ်ကျေးမှုတွေကို လေ့လာထားရင်တော့ အခက်အခဲရှိမှာမဟုတ်ပါဘူး။ ကျွန်တော့် အမြင် ကျွန်တော်တို့ မြန်မာလူမျိုးတွေသွားလည်ဖို့ ကြိုက်ကြတာ ပထမ ထိုင်းနိုင်ငံ၊ ပြီးရင် စင်္ကာပူ နဲ့ မလေးရှား၊ တရုတ်နိုင်ငံ၊ ဟောင်ကောင် နဲ့ မကာအိုတို့ဖြစ်ကြပါတယ်။ အခုနောက်ပိုင်း စိတ်ဝင်စားကြတာတော့ အီဂျစ်၊ အစ္စရေး နဲ့ အရှေ့အလယ်ပိုင်းဒေသတွေ၊ ပြီးတော့ ကိုရီးယား၊ ဂျပန်၊ သြစတြေးလျ၊ ဥရောပနိုင်ငံတွေ နဲ့ မြောက်အမေရိက တို့ဖြစ်ပါတယ်။
(http://www.thetravelerszone.com/travel-information/25-wonderful-places-to-visit-in-your-lifetime/ ) ဒီ website မှာတော့ သွားလည်သင့်တဲ့နေရာ ၂၅ ခုကို ရေးပြထားလေရဲ့။
ကဲ ရွေးချယ်စရာတွေကတော့အများကြီး။ တစ်နှစ်ကို ရုံးပိတ်ရက် ၂ပတ် လောက်ရှိရင်တော့ တခြားနိုင်ငံတွေသွားလည်ဖို့ ကြိုပြီးရွေးထားလိုက်ရအောင်နော်။

Saturday, November 19, 2011

နိုင်ငံကူးလက်မှတ်လုပ်ကြရအောင်

ကဲ တိုးရစ်ကြီးရေ ….
တခြားနိုင်ငံကို သွားလည်ပြီး ဟိုမှာ တိုးရစ်လုပ်မယ့် ကိုကိုတို့ မမတို့ အတွက် ပထမဆုံး လိုတာကတော့ … passport လို့ခေါ်တဲ့ နိုင်ငံကူးလက်မှတ်ပါ။ ဟော့ ဒီမှာ မြင်ရတဲ့ပုံကတော့ မြန်မာနိုင်ငံသားတွေကိုင်ဆောင်တဲ့ standard passport ဖြစ်ပါတယ်။

အစိုးရ၀န်ထမ်းတွေ နိုင်ငံတော်ကိစ္စနဲ့သွားရင်တော့ အစိမ်းရောင် ပေါ့။ ထားပါတော့ … အဲ့ဒီ passport ကိုဘယ်လိုရအောင်လုပ်ကြမလဲ …
မြန်မာနိုင်ငံသားဖြစ်တဲ့အတွက် နိုင်ငံသားစိစစ်ရေးကဒ်၊ ကိုယ်နေတဲ့ရပ်ကွက်မှာနေထိုင်ကြောင်းထောက်ခံစာရယ်၊ ယူပြီး  စက်မှု (၁) လမ်းကို လောလောလပ်လပ်ပြောင်းသွားတဲ့ passport ရုံးကို ချီတက်ပေတော့။ အိမ်ထောင်စုစာရင်းလဲမမေ့နဲ့ဦးနော်။
ဟိုမှာ ပထမ ဓါတ်ပုံရိုက်ရမယ် .. ပီးရင် ဖောင်ဝယ်ဖြည့် (အများကြီးဖြည့်ရမှာနော်၊ အဘိုးအဘွားတွေ၊ ဦးလေးအဒေါ်တွေ၊ မောင်နှမတွေ၊ အိမ်ထောင်ဖက်ရဲ့ အမျိုးတွေတောင်ပါသေးတယ်၊ သားသမီးရှိရင်ရှိသလို ဒါလဲပါတယ်) ပီးရင်တော့ ဆောင်စရာရှိတဲ့ စာအုပ်ဖိုးတို့ ဖောင်ကြေးတို့ သွင်းပီးရင် ရလာတဲ့ ဓါတ်ပုံနဲ့ တွဲပြီး တင်လိုက်ပေတော့။ နောက် (၂၁) ရက်ကြာမှပြန်ထုတ်ရမှာ။
စောင့်နေတဲ့အချိန်အတွင်းမှာ မြို့နယ်က ကောင်စီရုံးကိုသွားပြီး အခွန်ကင်းရှင်းကြောင်း ပုံစံ(၁၇) လုပ်ထားပေါ့။ ပီးရင် ပန်ဆိုးတန်း လမ်း အလယ်ဘလောက်မှာရှိတဲ့ ရုံးမှာ အဲ့ဒီ ပုံစံ (၁၇) ပြပီးတော့  ပုံစံ (၁၉) လုပ်ထားလိုက်။ passport ရုံးကချိန်းထားအဲ့ အချိန်ရောက်ရင် ခုဏက လုပ်ထားတဲ့ ပုံစံ (၁၉) ပြပီး passport ထုတ်ယူလိုက်ပေတော့။