Friday, November 25, 2011

ကမ္ဘာတလွှား ပွဲတော်များ




ခရီးသွားတော့မယ်ဆို ကိုယ်သွားမယ့်နိုင်ငံရဲ့ နေ့ထူးနေ့မြတ်တွေ ပွဲတော်ရက်တွေကိုလဲ သိရှိလေ့လာ ထားသင့်ပါတယ်။ (http://bit.ly/btyIs) မှာ သွားကြည့်နိုင်ပါတယ်။ ကွမ်ကျိုး၊ မကာအို၊ ဟောင်ကောင်၊ စင်္ကာပူ တို့လို နိုင်ငံတွေမှာဆို ပွဲတော်ရက်တို့၊ အားလပ်ရက်တို့ မှာ ဟော်တယ်ဈေးတွေက 30% ကနေ 100% လောက်ထိ ပိုပေးရတာတွေရှိတတ်ပါတယ်။ ဒါတွေကို လေ့လာထားခြင်းအားဖြင့် ၀ါသနာပါရင် ၀င်ရောက်ဆင်နွဲ လိုက်နိုင်ပါတယ်။
အိမ်နီးချင်းနိုင်ငံ ဖြစ်တဲ့ ထိုင်းနိုင်ငံမှာဆို Songkran လို့ခေါ်တဲ့ သင်္ကြန်ပွဲ၊ စင်္ကာပူမှာဆို F1 (Formula One) လို့ခေါ်တဲ့ ကားပြိုင်ပွဲ၊ မလေးရှားနိုင်ငံမှာဆို Motor GP လို့ခေါ်တဲ့ ဆိုင်ကယ်ပြိုင်ပွဲ တွေက နာမည်ကြီးပါတယ်။ ကိုယ်ရောက်သွားမယ့်အချိန်က သူတို့ ပွဲတော်ရက်တွေနဲ့ တိုက်ဆိုင်နေရင်တော့ ဟိုတယ်အခန်းကို ကြိုတင် စီစဉ်ထားသင့်ပါတယ်။ ဥပမာအားဖြင့် တန်ဆောင်တိုင်ပွဲတော်အတွင်း တောင်ကြီးသွားမယ်ဆို ဟိုတယ်ရဖို့ ခက်ခဲသလိုပါပဲ။
(http://bit.ly/bQrJSn) မှာသွားကြည့်မယ် ဆိုရင်လဲ ကမ္ဘာအနှံ့ရှိနိုင်ငံတွေမှာ ပြုလုပ်ဖို့ ရှိနေတဲ့ ပွဲတော်တွေ၊ ပြပွဲတွေ၊ တွေ့ဆုံဆွေးနွေးပွဲတွေ၊ နှီးနှောဖလှယ်ပွဲတွေ ရဲ့ ကျင်းပမယ့်ရက်တွေကို ပြက္ခဒိန်နဲ့တကွ တွေ့ရှိလေ့လာနိုင်ပါတယ်။ ဈေးဝယ်ထွက်မယ်ဆိုရင်လဲ ဘယ်လတွေမှာ discount တွေလုပ်တတ်တယ်ဆိုတာတွေလဲ လေ့လာထားရင်တော့ ဈေးဝယ်ထွက်လို့ကောင်းတဲ့အချိန်ကို ချိန်ပြီးသွားလို့ရတာပေါ့။
ပြင်သစ်နိုင်ငံက ဧည့်သည်တစ်ယောက်နဲ့ တွေ့ဖူးပါတယ်။ သူကတော့ နောက်တခေါက်သူ့ အမျိုးသမီးကို ခေါ်လာတဲ့အချိန်မှာ ခရီးစဉ်ကို စီစဉ်ပေးဖို့ ကျွန်တော်နဲ့ လာဆွေးနွေးတာပါ။ သူ့ရဲ့ စာရွက်ထဲမှာရေးထားတာကို ကျွန်တော် ကြည့်လိုက်တော့ မြန်မာပြည်မှာ ဘယ်နေ့မှာ ဘာ ပွဲတော် ရှိတယ်ဆိုတာ စုံစုံ လင်လင် ရေးထားတာ တွေ့ရပါတယ်။ သူ နောက်တခေါက် လာမယ့် ရက်တွေအတွင်း ဘယ်နေ့မှာ ဖောင်တော်ဦး ပွဲတော်၊ ကျောက်ဆည် ဆင်ကပွဲ၊ ပုဂံက ဘုရားပွဲ တွေ သေချာ ချရေးထားပြီးတော့ ဘယ်နေ့ကို ဘယ်မှာ လည်ချင်တယ်ဆိုပြီး ပြောပါတယ်။ ကျွန်တော့်စိတ်ထဲမှာတော့ ဒီလူ ကိုယ့်ထက်တောင် ပိုသိနေတယ်ပါလား လို့တောင် ထင်မိပါတယ်။
အဲ့ဒီတော့ ကျွန်တော်ပြောချင်တာကတော့ မိမိသွားမယ့် နိုင်ငံတွေရဲ့ အထင်ကရပွဲတော်တွေနဲ့ နေ့ထူးနေ့မြတ်တွေကို လေ့လာထားခြင်းအားဖြင့် ခရီးသွားတဲ့အချိန်အတွင်းမှာ ကိုယ်ဆင်နွဲသင့်တဲ့ အရာတွေကို လက်မလွှတ်တော့်ဘူးပေါ့။

No comments:

Post a Comment